ကလေးတွေမှာ ဖြစ်တတ်တဲ့ လေးဖက်နာ (JIA)
လေးဖက်နာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ သိထားတာက လူကြီးတွေမှာ ဖြစ်တဲ့ အဆစ်ရောင်နာ တစ်မျိုးရယ်လို့ပေါ့။ ကလေးတွေမှာတော့ ဖြစ်မှာမဟုတ်လောက်ပါဘူးဆိုတာမျိုးပေါ့။ တကယ်ကတော့ လေးဖက်နာက ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
ဒီလို ကလေးတွေမှာ ဖြစ်တဲ့ လေးဖက်နာရောဂါကို Juvenile idiopathic arthritis (JIA) လို့ ခေါ်ပါတယ်။ Juvenile idiopathic arthritis (JIA) ဆိုတာက ကလေးတွေမှာ ဖြစ်တတ်တဲ့ အဆစ်ရောင်နာ တစ်မျိုးပါ။ အဆစ်ရောင်နာ ဆိုတဲ့အတိုင်း အဆစ်တွေမှာ ရောင်ရမ်းပြီး အဆစ်တွေ တောင့်တင်းနာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒီအဆစ်ရောင်နာက ကလေးတွေမှာ အဆစ် ၁ ခု ဒါမှမဟုတ် ၁ ခုထက်ပိုတဲ့ အဆစ်တွေမှာ ခံစားရနိုင်ပါတယ်။ အသက် ၁၆ နှစ်နဲ့ ၁၆ နှစ်အောက် ကလေးတွေမှာ ဖြစ်နိုင်ပါတယ်။
လူကြီးတွေမှာ ဖြစ်တဲ့ လေးဖက်နာနဲ့ မတူတာက ကလေးတွေမှာ ဖြစ်တဲ့ လေးဖက်နာက တစ်သက်လုံး နာတာရှည်လို ခံစားရတာပါ။ နောက်ပြီး ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွေ ဖြစ်ပေါ်နေတဲ့ ကလေးတွေရဲ့ အရိုးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
ဘာတွေကများ ဖြစ်စေတာလဲ
ကလေးလေးဖက်နာဆိုတာကလည်း လူကြီးတွေမှာဖြစ်တဲ့ လေးဖက်နာလိုပဲ autoimmune ရောဂါတစ်မျိုးပါ။ ဆိုလိုတာကတော့ ခန္ဓာကိုယ်က ကျန်းမာတဲ့ဆဲလ်တွေနဲ့ တစ်ရှူးတွေကို ကိုယ်ခံအားစနစ်က ပြန်တိုက်နေတဲ့ သဘောပါ။ ကလေးလေးဖက်နာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ မျိုးရိုးလိုက်တာကြောင့် ဖြစ်နိုင်သလို ပတ်ဝန်းကျင် အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိသားစုစဉ်ဆက်က ဆင်းသက်လာတာမျိုး ဖြစ်နိုင်သလို ပတ်ဝန်းကျင်က တစ်ခုခုသော အရာတွေနဲ့ ထိတွေ့မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်လို့ ဆိုလိုချင်တာပါ။
ဘယ်လို လက္ခဏာတွေ ရှိလဲ
လက္ခဏာတွေက ခဏတာ ခံစားရပြီး ပျောက်သွားတာမျိုး ရှိသလို နာတာရှည်လို့ ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ကလေး တစ်ယောက်ချင်းစီမှာတော့ ရောဂါလက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေအနေနဲ့ကတော့ -
- မျက်ခွံတွေ ရောင်ရမ်းတာ
- အဆစ်တွေက ပူပြီး နီရဲရောင်ရမ်းတာ
- အဆစ်တွေက လှုပ်ရှားရ မကောင်းတာ
- ခြေကုန်လက်ပမ်းကျတာ
- အစားစာချင်စိတ် မရှိတာ
- ကိုယ်အလေးချိန် တက်ဖို့ မလွယ်တာ
- ကြီးထွားမှု နှေးတာ
- အဖျားကြီးတာ
- အရေပြား နီမြန်းရောင်ရမ်းတာ
- ပြန်ရည်ကျိတ် ရောင်ရမ်းတာတွေ ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေက အခြားရောဂါတွေရဲ့ လက္ခဏာတွေနဲ့လည်း ခပ်ဆင်ဆင်တူနေတာကြောင့် ကျန်းမာရေးစစ်ဆေးမှု ခံယူတာမျိုး လုပ်ဆောင်ဖို့ လိုပါမယ်။
မွန်မွန်